တိဋ္ဌ (ရပ်ခြင်း/ငြိမ်ခြင်း)

ဗုဒ္ဓဘာသာက အကြမ်းမဖက်ခြင်း

“တိဋ္ဌ” ဟူသော ပါဠိစကားလုံးသည် ရပ်သည်ဟူသော အနက်သာမက ငြိမ်သက်ခြင်း၊ ယောက်ယက်မခတ်ခြင်း၊ အခြေကျခြင်း၊ တည်ငြိမ်ခြင်းကို ဟောသည်။ လူ၏အဇ္ဈတ္တ၌ အကြမ်းမဖက်လိုသော သတ္တိရှိသည်။ ထိုအကြမ်းမဖက်လိုသော သတ္တိကို ရရန်အတွက် လူသည် ငြိမ်သက်ရမည်၊ အေးဆေးရမည်၊ တည်ငြိမ်ရမည်ဟု အင်္ဂုလိမာလသုတ်၌ ဗုဒ္ဓက ကြိမ်ဖန်များစွာ ဟောသည်။

 

ထိုအခါ အင်္ဂုလိမာလအား “အချင်းတို့ အံ့ဩဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဘူးမြဲ ဖြစ်လေစွတကား၊ အကြောင်းမှာ ရှေးအခါက ငါသည် ပြေးနေသော ဆင်ကိုလည်း လိုက်၍ ဖမ်းနိုင်၏။ ပြေးနေသော မြင်းကိုလည်း လိုက်၍ ဖမ်းနိုင်၏။ ပြေးနေသော သမင်ကိုလည်း လိုက်၍ဖမ်းနိုင်၏။ ပြေးနေသော ရထားကိုလည်း လိုက်၍ ဖမ်းနိုင်၏။ ထိုသို့ ဖမ်းယူနိုင် သော်လည်း ငါသည် ပကတိအတိုင်း သွားနေသော ဤရဟန်းကို အစွမ်းကုန်လိုက်သော်လည်း မမီနိုင်” ဟု အကြံဖြစ်လေ၏။ ရပ်လျက်သာလျှင် မြတ်စွာဘုရားကို “ရဟန်း ရပ်လော့၊ ရပ်လော့” ဟု ပြောဆို၏။

 

ဘုရားရှင်က အင်္ဂုလိမာလ ငါသည် ရပ်နေ၏၊ သင်လည်း ရပ်လော့ဟု (မိန့်တော်မူ၏)။

 

ထိုအခါ အင်္ဂုလိမာလ ခိုးသူသည် “သာကီဝင် မင်းသား ဖြစ်ကြကုန်သော ဤရဟန်းတို့သည် မှန်သည်ကိုသာ ဆိုလေ့ရှိကြကုန်၏။ မှန်သည်ကို ဝန်ခံလေ့ရှိကြကုန်၏။ သို့ဖြစ်လျက် ဤရဟန်းသည် သွားလျက်သာလျှင် “အင်္ဂုလိမာလ ငါသည် ရပ်နေ၏။ သင်လည်းရပ်လော့” ဟု ဆိုဘိသည်။ ငါသည် ဤရဟန်းကို မေးရပါမူ ကောင်းလေရာ၏” ဟု အကြံဖြစ်၏။

 

အင်္ဂုလိမာလ ခိုးသူသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်ထား၏ – “ရဟန်း သွားနေလျက် ငါရပ်၏ဟု ဆိုဘိ၏။ ရပ်သော အကျွန်ုပ်ကိုလည်း မရပ်ဟု ဆိုဘိ၏။ ရဟန်း သင့်အား ထိုအကြောင်းကို မေးပါအံ့၊ သင်သည် အဘယ်သို့ ရပ်တည်၍ အကျွန်ုပ်သည် အဘယ်သို့ မရပ်တည်ပါသနည်း။”

 

ဘုရားရှင်သည် အင်္ဂုလိမာလ ငါသည် အခါခပ်သိမ်း အလုံးစုံ သော သတ္တဝါတို့၌ တုတ်လှံတံကိုချ၍ တည်၏။ သင်သည်ကား အလုံးစုံသော သတ္တဝါတို့၌ သတ်ဖြတ်ညှဉ်းဆဲခြင်းမှ မစောင့်စည်း။ ထို့ကြောင့် ငါသည် ရပ်တည်သူဖြစ်၍ သင်သည် မရပ်တည်သူဖြစ်၏ဟု မိန့်တော်မူ၏။

 

အင်္ဂုလိမာလသုတ်၌ ဗုဒ္ဓက သူသည် တိဋ္ဌ (titho) ငြိမ်ငြိမ်သက်သက် ရပ်နေသည်။ အင်္ဂုလိမာလသည်သာ အတိဋ္ဌ (atitho) ငြိမ်ငြိမ်သက်သက် မရပ်ဟု ဟူ၍ မိန့်သည်။

 

ရှေးကျသော ဗုဒ္ဓဘာသာ၌ အကြမ်းမဖက်ခြင်း (အဟိံသာ) သည် ငြိမ်းချမ်းခြင်း (peace) ထက်ပင် နေရာရသည်။ အင်္ဂုလိမာလသုတ်သည် အကြမ်းဖက်ခြင်းကို မည်သို့ ရင်ဆိုင်ဖြေရှင်းမည်ကို ဟောသောပုံပြင်ဟု အနောက်တိုင်းက ဆိုကြသည်။ အင်္ဂုလိမာလ ပုံပြင်သည် ဘီစီ ၅ ရာစု သို့မဟုတ် ၄ ရာစုက ပုံပြင် ဖြစ်သည်။ ပါဠိ၊ တရုတ်၊ တိဘက် ဘာသာများဖြင့် မူကွဲ ၁၂ ခုခန့် ရှိသည်။ ဂျပန်လိုလည်း ရှိသည်။ သီဟို ကျေးလက်သီချင်းများတွင်လည်း သီဆိုကြသည်။ အိန္ဒိယ ကလေးရုပ်ပုံစာအုပ်များတွင် ယခုတိုင် ပါသည်ဟုဆိုသည်။ ထိုင်းတွင် ရုပ်ရှင်ရိုက်သည်။ ၂၀ဝ၄ ၌ စာတစ်ကူးမားသည် “ဗုဒ္ဓနှင့် အကြမ်းဖက်သမား အကြောင်း အင်္ဂုလိမာလပုံပြင်” ဟူ၍ စာအုပ်ရေးသည်။ အင်္ဂုလိမာလအကြောင်း ကျွန်တော်တို့ဆီမှာ လူတိုင်းသိ၍ အားလုံးဖော်ပြစရာမလိုဟု ထင်သည်။

 

ကျွန်တော်တို့ပြည်သည် စစ်အာဏာရှင်အောက် နှစ်ပေါင်းများစွာကြာပြီးနောက် ယခုအခါ မတည်မငြိမ်ဖြစ်နေသည်။ ယောက်ယက်ခတ်နေသည်ဟု မတွေးသင့်သလော။

 

ကျွန်တော်တို့ပြည်သည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေသောနိုင်ငံ၊ ယဉ်ကျေးမှုဓလေ့ပေါင်း စုံသောနိုင်ငံ multicultural မဟုတ်လော။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှု အနာတို့သည် ရှိ၏။ ထိုအနာတို့အပေါ် ဆားအသစ် ပက်အပ်သလော။

 

အာဏာရှင်ဟောင်းတို့သည် “အကြောက်နှင့် ဒေါသ” ကို လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံ၍ မီးမွှေးမပေးချင်ဘဲ နေမလား။ အနာဟောင်းတွေအပေါ်မှာ ဆားအသစ်လောင်းသောအခါ အင်မတန် နာပါသည်။ ဘော့စနီးယား၊ ယူဂိုစလားဗီးယား၌ ထိုအတိုင်း ဖြစ်ခဲ့ပါသည်။ လူမျိုးရေး၊ ဘာသာရေးဆိုသည်မှာ သေနတ်မောင်းဖြုတ်သလို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်တဲ့ လက်နက်။ အာဏာရှင်ဟောင်းတို့သည် သူတို့ ပြန်လာနိုင်ရန် ရွေးကောက်ပွဲသာမက လူတို့အား ဆွပေးနိုင်သော အစွမ်းထက်လက်နက်များဖြစ်သော လူမျိုးရေး ဘာသာရေးတို့ကို သုံးနိုင်သည်။

 

မီဒီယာနဲ့ ပေါင်းလိုက်သော် ဥပမာ ဆိုရှယ်မီဒီယာများမှ အမုန်း အရေးအသား ဆားများနှင့်ပက်သော် အမုန်းနှင့် ဒေါသများသည် ယောက်ယက်ခတ်နေသော လူထုတွင် အဆပေါင်း ရာထောင် တိုးပွားသည် မဟုတ်သလော။ မီဒီယာ တွေကြောင့် ထပ်ခါထပ်ခါ အဆတစ်ရာ တစ်ထောင်။ အမျိုးသားရေး နိုင်ငံရေးသမားများ  (nationalistic politicians)၊ အစွဲအလမ်း ဓလေ့ (culture)၊  အီလိတွေ သည် အခြေအနေကို ကစားတတ်သည်။

 

ယခုအချိန်သည် စစ်အာဏာရှင်စနစ်မှ တစ်ခုခုကို ပြောင်းတဲ့အချိန်။ တစ်ခုခုသည် ဘာလဲ။ တစ်ခုခုသည် ဘာမှန်းမသိ။ ပြိုလဲသွားတဲ့ နိုင်ငံလား။ အစိတ်စိတ်ကွဲမယ့် နိုင်ငံလား။ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံလား။ ဟိုဘက် သည်ဘက် ငါးဆယ် ငါးဆယ်သာရှိသည်ဟု ပညာရှိတချို့က ပြောသည်။

 

တစ်ခုခုကတော့ ဖြစ်မှာပဲ။ ကာကွယ်တဲ့သူက ကျွန်တော်တို့ပေါ့။ ကျွန်တ်ာတို့က လွဲလို့ ဘယ်သူက ကာကွယ်မှာလဲ။ “ကျွန်တော်တို့” ဟူသည်မှာ ဆရာတော်များလည်း အဝင်အပါဖြစ်သော တိုင်းရင်းသားအားလုံး။ တည်ငြိမ်သောသူများ ငြိမ်ငြိမ် သက်သက် ရှိသူများ။

 

အင်္ဂုလိမာလဇာတ်သည် အောက်ပါအတိုင်း ဆက်လက်၏။

 

ဗုဒ္ဓက မိန့်သည်။ “ကျုပ်က ရပ်နေတယ်ဆိုတာ၊ သက်ရှိသတ္တဝါတွေ အားလုံးအပေါ် အင်အားသုံးခြင်းကို လုံးဝစွန့်လွှတ်တာကို ပြောတာ။ အင်္ဂုလိမာလ သင်ကတော့ သက်ရှိတွေကို အကြီးအကျယ် ပျက်စီးစေတယ်။ ဒါကြောင့် သင်ကတော့ မရပ်တဲ့ သူပဲ။”

 

ဤစကားလုံး အနည်းငယ်သည် အင်္ဂုလိမာလအား ထိုးထွင်းသိမြင်စေသည်။ သူသည် ကျောက်ဆောင်ကမ်းပါး၌ လက်နက်များကို ပစ်ချလျက် ဘုရားရှင်၏ ခြေအစုံ၌ ဦးခိုက်၍ ရဟန်းပြုပေးရန် လျှောက်ထားသည်။ အလွန်ကြင်နာသော ကြီးမြတ်သော လောက၏ဆရာ၊ ဘုရားရှင်သည် သူ့အား ရဟန်း လာလော့ဟု မိန့်ကြားတော်မူ၏။ ထိုစကားသည်သာလျှင် ထိုအင်္ဂုလိမာလ ခိုးသူ၏ ရဟန်းအဖြစ် ပြီးစီးလေသတည်း။

 

ရဟန်းဖြစ်သွားသော အသျှင် အင်္ဂုလိမာလသည် အကြမ်းမဖက်သောသူ ဖြစ်သွားပြီ။ သတ္တဝါကို မသတ်တော့၍ ကိုယ်ဝန်ဆောင်သောမိန်းမ မီးမဖွားနိုင်သောအခါ “ငါသည် အရိယာဇာတ်ဝင် ဖြစ်သောအခါမှစ၍ သတ္တဝါကို သေစေလိုသော စေတနာဖြင့် သတ်ဖူး၏ဟူ၍ ငါ မသိစဖူး။ ထိုမှန်သောစကားကြောင့် သင့်အား လည်းကောင်း ကိုယ်ဝန်သတ္တဝါအားလည်းကောင်း ချမ်းသာခြင်း ဖြစ်စေသတည်း” ဟူသော သစ္စာစကားကို ဆို၍ မွေးဖွားခြင်းကိုပင် လွယ်ကူအောင် ပြုနိုင်၏။

 

သို့ရာတွင် ဆွမ်းခံသော အင်္ဂုလိမာလကို ခဲများ တုတ်လှံတံများ ကျောက်စရစ်များ ကျသောအခါ၌ ဦးခေါင်း ကွဲ၏။ သွေးယိုစီး၏။ သပိတ်ကွဲ၏။ သင်္ကန်း ဒုကုဋ် စုတ်ပြဲ၏။ မြတ်စွာဘုရားသည် ထိုသို့သော အသျှင် အင်္ဂုလိမာလကို မြင်တော်မူ၍ “မကောင်းမှုကို အပပြုပြီးသော ရဟန်း သင် သည်းခံလော့၊ မကောင်းမှုကို အပပြုပြီးသော ရဟန်း သင် သည်းခံလော့၊ မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် ယင်းအကုသိုလ်ကံ၏ အကျိုးအပြစ်ဖြင့် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာပတ်လုံး ငရဲ၌ ကျလေရာ၏။ မကောင်းမှုကို အပပြုပြီးသောရဟန်း သင်သည် ထိုအကုသိုလ်အကျိုးကို ယခုဘဝ၌ပင် ခံစားရဘိ၏” ဟု မိန့်တော်မူ၏။ ထိုအခါ အသျှင် အင်္ဂုလိမာလသည် ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း ကိန်းအောင်းလျက် အရဟတ္တ ဖိုလ်ချမ်းသာကို ခံစားနေ၏။ ထိုအခါ ဤဥဒါန်းကို ကျူးရင့်၏—

 

“ရှေးအခါကသာလျှင် မေ့လျော့၍ နောက်အခါ၌ မမေ့မလျော့သူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤသတ္တလောကကို တောက်ပထွန်းလင်းစေ၏။

 

ပြုပြီးသော မကောင်းမှုကို ကုသိုလ်တရားဖြင့် ပိတ်ပင်တားဆီးသူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤသတ္တလောကကို တောက်ပထွန်းလင်းစေ၏။

 

တရားကိုအားထုတ်သော ရဟန်းသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤသတ္တလောကကို ထွန်းလင်းတောက်ပစေ၏။

 

ငါ၏ ရန်သူတို့သည် တရားနှင့်စပ်သောစကားကို ကြားနာကြပါစေကုန်သတည်း။ ငါ၏ ရန်သူတို့သည် တရားကို အားထုတ်ကြပါစေကုန်သတည်း။ ငါ၏ ရန်သူဖြစ်ကုန်သော ထိုလူတို့သည် သူတစ်ပါးအား တရားကို ဆောက်တည်ကြစေသည့် သူတော်ကောင်းတို့ထံသို့ ချဉ်းကပ်ကြပါစေကုန်သတည်း။

 

ငါ၏ရန်သူတို့သည် သည်းခံခြင်းကို ဆိုလေ့ရှိကုန်သော မဆန့်ကျင်မှု မေတ္တာကို ချီးကျူးလေ့ရှိကုန်သော သူတို့၏တရားကို အခါခါ နာကြားနိုင်ကြပါစေကုန်သတည်း။ ထိုတရားကိုလည်း အစဉ်လိုက်နာ ကျင့်ကြံနိုင်ကြပါစေကုန်သတည်း။

 

ထို ငါ၏ရန်သူသည် စင်စစ် ငါ့ကို မညှဉ်းဆဲပါစေသတည်း။ ငါမှတစ်ပါး အခြားသူကိုလည်း မညှဉ်းဆဲပါစေသတည်း။ မွန်မြတ်သော နိဗ္ဗာန်သို့ ရောက်၍ အမြဲတပ်မက်သော တဏှာကို စောင့်ရှောက်နိုင်ပါစေသတည်း။

 

ရေကို မြောင်းသွယ်သူတို့သည် ရေကို ဆောင်ယူကြကုန်၏။ မြားသမားတို့သည် မြားကို ဖြောင့်ကြကုန်၏။ သစ်ရွေသမားတို့သည် သစ်ကို ဖြောင့်အောင် ရွေကြကုန်၏။ ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမကြကုန်၏။

 

အချို့သူတို့သည် လှံတံဖြင့်လည်းကောင်း ချွန်းကောက်တို့ဖြင့်လည်းကောင်း ကြိမ်လုံးတို့ဖြင့်လည်းကောင်း ဆုံးမကြကုန်၏။ တာဒိဂုဏ် ရှိတော်မူသော မြတ်စွာဘုရားသည် တုတ်လှံတံ မရှိဘဲ လက်နက်မရှိဘဲ ငါ့ကို ယဉ်ကျေးအောင် ဆုံးမတော်မူပြီ။

 

ငါသည် ရှေးအခါက ညှဉ်းဆဲတတ်သူဖြစ်လျက် “အဟိံသက” အမည် ရှိခဲ့၏။ ငါသည် ယနေ့မှစ၍ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲတတ်သောကြောင့် မှန်ကန်သောအမည် ရခဲ့ပြီ။

 

+++

 

ဤအင်္ဂုလိမာလဇာတ်သည် အောက်ပါအချက်တို့ကို ဟောသည်ဟု ကျွန်တော် ထင်သည်။

 

(၁) “တိမ်တိုက်မှလွတ်သော လကဲ့သို့” တဲ့။ အကြမ်းဖက်ခဲ့သော အလွန် ကြမ်းတမ်းသူပင်လျှင် တိမ်တိုက်မှလွတ်သော လသို့ အကြမ်းဖက်ခြင်း သံသရာမှ လွတ်နိုင်သည်။

 

(၂) အကြမ်းဖက်ခြင်းမှ အကြမ်းမဖက်ခြင်းသို့ ကူးပြောင်းရာတွင် တိဋ္ဌဟူသော ရပ်တန့်ခြင်း (တည်ငြိမ်ခြင်း) သည် အရေးကြီးသည်။ အကြမ်းဖက်သော သူခိုး အင်္ဂုလိမာလသည် တိဋ္ဌဟူသော စကားကြောင့် ယခင်က မမြင်သည်ကို မြင်သည်။

 

(၃) အကြင်သူတစ်ယောက်သည် သူ့တွင်း၌ ကိန်းနေသော “အကြမ်းမဖက်လိုခြင်း သတ္တိ” ပေါ်ပေါက်ရန် ရပ်ရသည်။ ငြိမ်ရသည်။ ယောက်ယက်မခတ် ဆောက်တည်ရသည်။ အေးဆေးရသည်။ အင်္ဂုလိမာလသည် မရပ်သူ (အတိဋ္ဌ)၊ ဘုရားသည် ရပ်သူ (တိဋ္ဌ)။

 

(၄) အကြမ်းမဖက်ခြင်းသတ္တိ၌ ရန်ပြုခြင်း စော်ကားခြင်းတို့ကို သည်းခံနိုင်သော အရည်အသွေး ရှိသည်။ ပါးကိုက်၍ နားကိုက်ခြင်း မပြုလုပ်ခြင်း ပါဝင်သည်။

 

(၅) အကြမ်းမဖက်လိုသော သတ္တိသည် လူ၌ ကိန်းအောင်းတည်ရှိသော်လည်း ထိုသတ္တိကိုရရန် လေ့ကျင့်ရသည်။ သတိထားရသည်။ သတိထားရန်အတွက် “ရပ်” ရသည်။ ဆုံးမရသည်။ ရေသွယ်သကဲ့သို့ မြားဖြောင့်သကဲ့သို့ ကျင့်ရသည်။ ပသေနဒီကောသလမင်းသည် ဘုရားရှင်အား မတည်ငြိမ်သူကို ငြိမ်အောင် ပြုနိုင်သူဟု ချီးမွမ်းသည်။

 

ကျွန်တော်တို့ မြန်မာပြည်သူတို့သည် တည်ငြိမ်အေးဆေးသူများ ဖြစ်ကြပါစေ။ ဖြစ်နိုင်ပါသည်။

 

ကျွန်တော်တို့ ဆရာတော်များသည်လည်း မတည်ငြိမ်သူကိုပင်လျှင် တည်ငြိမ်အောင် လုပ်နိုင်သူများ ဖြစ်တော်မူကြသဖြင့် (မရည်ရွယ်ဘဲလျက်) မြန်မာပြည်၌ မတည်မငြိမ်မှုများ မဖန်တီးမိရန် ဆင်ခြင်နိုင်တော်မူကြပါစေ။ အမှန်စင်စစ် ဆတော်ကြီးများသည် ဗုဒ္ဓအယူဝါဒကို ကျင့်သုံးဆောက်တည်တော်မူကြပါသည်။

 

(ငြိမ်းချမ်းစွာ နေသူများ/ ကိုတာ။ – ရန်ကုန်။ မုံရွေးစာပေ၊ ၂၀၁၃။)