စစ်၊ အကြမ်းဖက်ခြင်း (ဗုဒ္ဓဝါဒရှုထောင့်)

ကိုတာ

စစ်နှင့် လုလင်

လွတ်လပ်ရေးဟု

ရေးဘိတ်ကုန်စင်၊ ချင်းတွင်းဝင်သည်

လုလင်တိုက်ပွဲ ဆိုင်ခဲ့၏။

တော်လှန်ရေးဟု

ရန်ကြွေးဆပ်ချင်၊ တောခိုဝင်သည်

လုလင်သေနတ် ကိုင်ခဲ့၏။

ပွဲတခုတွင်၊ တိုက်ကင်းပြင်သော်

အရှင်လှလှ၊ ရန်ဓားပြအား

လက်ရဖမ်းလေ၊ မှာလိုက်ချေလည်း

သေမင်းသခင်၊ သွေးနတ်ဝင်သည်

လုလင်မထိန်းနိုင်ခဲ့ပြီ။

ဇော်ဂျီ

ရွှေပွဲလာပရိသတ်များ ခင်ဗျား …

အထက်ပါ ကဗျာဟာ တော်လှန်ရေးအတွက်ပဲ ဖြစ်စေ၊ လွတ်လပ်ရေးအတွက်ပဲ ဖြစ်ပစေ တိုက်ပွဲဝင်ကြရတယ် ဆိုပေတဲ့ စစ် (ဝါ) အကြမ်းဖက်ခြင်းကိုယ်နှိုက်က တော်လှန်ရေးသမား လုလင်ငယ်လေးတယောက်ကို အကြမ်းဖက်သမား ဖြစ်သွားစေတဲ့ အကြောင်းပဲ။ အင်မတန် စဉ်းစားဆင်ခြင်စရာ ကောင်းတဲ့ ကဗျာပေါ့။

မြန်မာတွေဟာ ငြိမ်းချမ်းတဲ့လူတွေ အေးဆေးတဲ့သူတွေလို့ အရင်က အကောင်းပြောခံရတယ်။ အခု ကျွန်တော်တို့ မရိုင်းကြမှ တော်မယ်။ အင်း … ကျွန်တော်တို့ပြည်ကြီးရဲ့ ပြည်တွင်းစစ်ဟာ ကြာလှပြီ။ စစ် ဘာကြောင့် ဖြစ်ရတာတုန်း။ အနိုင်ကျင့်မှု၊ မတရားမှုကြောင့် ဖြစ်ကြတာပဲ။ သို့သော် လူတွေက စစ်မုန်းကြတယ်လို့ ပြောပေတဲ့ အမှန်တကယ်ကျတော့ စစ်ကို နှစ်သက်နေကြလို့ စစ်ဖြစ်တာလား။ စစ်ဖြစ်ချင်တာ အကြမ်းဖက်ချင်တာက လူတစုပါဗျာလို့ ပြောပေတဲ့ အများစုက အဲဒီ လူတစု လုပ်တာကို လက်ခံနေကြလို့လား။ စေ့စေ့တွေးတော့ အောက်ပါအတိုင်း ရေးရေးပေါ်တယ်။

စစ်ကြောင့် အဆင်ပြေတဲ့ လူစု ရှိတာကိုး

စစ်ကတော့ ငရဲပဲ။ စစ်ပွဲမှာ သတ္တိပြရတယ် ဆိုတဲ့ ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လှံထိုးခေတ်လည်း ကုန်ပြီ။ ယခု ခေတ်ကြီးက စစ်ဆိုတာ ယောက်ျားတွေ သတ္တိပြရတဲ့နေရာပဲ ဆိုပြီး စစ်ကို ရောမန္တိက (လွမ်းစရာ) လုပ်တဲ့ခေတ် မဟုတ်တော့ဘူး။

ဒါပေတဲ့ စစ်ကြောင့် အဆင်ပြေတဲ့ လူတစု ရှိတယ်။ စစ်ကြောင့် ချမ်းသာတဲ့လူက ချမ်းသာတယ်။ အမေရိကားမှာ စစ်စရိတ် တနှစ် ဘီလျံ ၆၀၀ ရှိတယ်။ အဲဒီ စစ်စက်မှုယန္တရားကြီး ပြိုသွားရင် အမေရိကန် စီးပွားရေး ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် စစ်ရှိအောင် လုပ်တယ်။ ရန်သူရှိအောင် လုပ်တယ်။ ရန်သူ မရှိရင် ဘယ်နှယ့် လုပ်ကြပ။ ရန်သူ မရှိရင် အခက်ပဲ၊ တော်ပါသေးတယ် ကံကောင်းလို့သာ “အကြမ်းဖက်သမားတွေနဲ့ တိုက်တဲ့စစ်” ရှိလာလို့ သို့မဟုတ် ဖန်တီးနိုင်လို့သာ ဟန်ကျသွားတာတဲ့။

ကျွန်တော်တို့ ပြည်မှာလည်း စစ်မှာ စစ်ကြေးတွေ ဆက်ကြေးတွေနဲ့ ထောတဲ့သူတွေ ရှိဆိုကိုး။ စစ်ဖြစ်ရင် စစ်သားတွေအတွက် ငွေရှာရလွယ်တယ် ဆိုတဲ့ ဒိုင်းနမစ် ရှိတာကိုး။ ကြောက်စရာကြီး။ ဒါကြောင့်မို့ အဲသလို ကိုယ့်အချင်းချင်း ဖြစ်တဲ့ အောက်တန်းစား စစ်ကိုပဲ သဘောတူကြ လက်ခံကြတာတွေက ဟိုဘက်မှာရော ဒီဘက်မှာပါ ရှိတာ။ ကိုယ့်အချင်းချင်း ဖြစ်တဲ့ စစ်မို့ ကျွန်တော်က အောက်တန်းစားစစ်လို့ ခေါ်လိုက်တာပဲ။ ကန့်ကွက်မယ့်သူ ရှိပါသလား။

တရားသောစစ်

နောက်တခုကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလို့ အကြောင်းပြတာပဲ။ ဘယ် စစ်ပွဲမဆို တရားဝင် အကြောင်းပြတာက “ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ”လို့ပဲ။ လူတွေကိုသတ် သူတို့ရပ်ရွာတွေကို ဖျက်ဆီးရမယ်၊ သူတို့က ကျွန်တော်တို့ကို အဲသလို လုပ်ချင်တာမို့ပဲလို့ အဲသလို အကြောင်းပြကြတယ်။

အဲသလို အကြောင်းပြတာကတော့ နာဇီ ဂိုအားရင်း ပြောတာနဲ့ ဆင်ဆင်ပ။ “ခေါင်းဆောင်တွေ အလိုကျ လူတွေ လိုက်နာအောင် လုပ်ဖို့ လွယ်ပါတယ်။ ငါတို့တော့ အတိုက်ခံနေရပြီလို့သာ ပြောလိုက်။ ငြိမ်းချမ်းအောင် လုပ်မယ့်သူတွေကိုတော့ ဒီလူတွေက မျိုးချစ်စိတ် မရှိဘူး၊ တိုင်းပြည် ဒုက္ခရောက်အောင် လုပ်နေတယ်လို့ အပုပ်ချလိုက်” ဒါပါပဲ။

သူတို့က ငါတို့ကို ခုထိတော့ မတိုက်သေးဘူး။ ဒီတော့ ကာကွယ်စစ် ထိုးရမယ်။ သလိုကိုး။ တရားသောစစ် (just war) သီအိုရီတွေရဲ့ ပြဿနာက အဲဒါပဲ။ တရားသောစစ်ရယ်လို့ ရှိရင်၊ စစ်မှန်သမျှကို တရားသောစစ်လို့ ပြောကြတာချည်းပဲ။

ဗုဒ္ဓဘာသာနှင့် အကြမ်းဖက်ခြင်း

ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းဆိုလည်း စစ်နဲ့ကင်းတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင် ဂျပန်ဘုန်းကြီးတွေဟာ ဂျပန်ဖက်ဆစ်အစိုးရကို အားတက်သရော ထောက်ခံခဲ့တာပ။ ကနေ့ သီရိလင်္ကာမှာ နိုင်ငံရေးစိတ်ဝင်နေတဲ့ ဘုန်းတော်ကြီးတွေဟာလည်း ပြည်တွင်းစစ် ရပ်စဲရေးအတွက် စေ့စပ်ဖြေရှင်းနည်းကို ဆန့်ကျင်ခဲ့တာပ။ ဒါနဲ့ပဲ တမီလ် ၂ သိန်း အသတ်ခံရတယ်။ သီဟိုဠ်ဘုန်းတော်ကြီးတွေကတော့ အများ လက်ညှိုးထိုးစရာ ဖြစ်ကုန်တယ်။

သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာဝင်တွေလို့ ပြောဆိုနေသူတွေကိုယ်တိုင် အကြမ်းဖက်ခြင်းကို လိုလားသူတွေ ဖြစ်ကြရတာက ဗုဒ္ဓဘာသာဟာ မျိုးချစ်ဝါဒ (nationalism) နဲ့ ပေါင်းသွားတာကိုး။ အကြမ်းဖက်ခြင်းဆိုတာ ဗုဒ္ဓဘာသာ အဆုံးအမနဲ့ ဆန့်ကျင်နေပေတဲ့ အကြမ်းဖက်ခြင်းကို လိုလားသူတွေ ဖြစ်ကုန်ကြတယ်။ ဗုဒ္ဓဘာသာဟာ မသတ်ရ မဖြတ်ရလို့ ဟောရုံသာ မကဘူး၊ အင်အားထက် ပညာကသာ တန်ဖိုးထားစရာလို့ ဟောတဲ့ တရား ဖြစ်သော်လည်းပဲ။

ကမ္ဘာလောကကြီးဟာ စစ်မြေပြင်ကြီးလား၊ လောကကြီးဟာ အကောင်းနဲ့ မကောင်းဆိုးဝါး (good vs. evil) တိုက်နေရတဲ့ တိုက်ပွဲလား။ လူဆိုတာဟာ အဲဒီလောကတိုက်ပွဲကြီးမှာ ဘယ်နေရာက ရပ်မှာလဲလို့ ရွေးချယ်နေကြရတာလား။ ဒါမျိုးက အယ်ကိုင်ဒါးတွေရဲ့ အယူအဆပ။

အယ်ကိုင်ဒါးတွေရဲ့ အယူအဆက သူတို့ တိုက်တဲ့စစ်ဟာ မကောင်းဆိုးဝါးနဲ့ တိုက်တဲ့ မြင့်မြတ်တဲ့စစ်ဆိုပဲ။ အယ်ကိုင်ဒါးနဲ့ ဂျော့ခ်ျဘုရှ်က ဒီနေရာမှာ သွားတူတယ်။ ဘုရှ်ပြောတာကလည်း ရယ်စရာ ကောင်းတယ်။ “ခင်ဗျားက ကျုပ်တို့ဘက်မှာ မနေရင် ခင်ဗျားက ကျုပ်တို့ကို ဆန့်ကျင်တာပဲ” (ဘိုလိုကတော့ if you are not with us, you are against us) လို့ သူ ပြောခဲ့တာကိုး။ လောကတိုက်ပွဲကြီးမှာ ကြားနေရခြင်းရယ်လို့ မရှိဘူးလို့ တွေးကြတဲ့အခါ အပြစ်မရှိတဲ့ ကြားကလူတွေအပေါ် ထည့်တွက်စရာ မလိုတော့ဘူးတဲ့။ တစုံတယောက်ကို ဒါမှမဟုတ် လူတဖွဲ့ကို မကောင်းဆိုးဝါးလို့ အမည်တပ်လိုက်ပြီ ဆိုမှတော့ မကောင်းဆိုးဝါးကို ဖျက်ဆီးရတော့မှာပ။ အဲဒီလူစုကို အောင်နိုင်ဖို့ရယ် အင်အားအသုံးချဖို့ရယ်ကို ဘယ်နည်းနဲ့ပဲ ဖြစ်ပစေ လုပ်ရုံပဲ။ အကြမ်းဖက်ရရင် ဖက်ရပစေ ထောက်ခံကြတော့တာပဲ။ (အကြမ်းပတမ်း အနိုင်အထက်ကို လူတစုက လုပ်ရင် အကြမ်းဖက်ခြင်းလို့ ခေါ်တယ်၊ နိုင်ငံတော်က လုပ်ရင်တော့ စစ်လို့ ခေါ်တယ်။)

ဒါပေတဲ့ ဗုဒ္ဓဘာသာမှာ တခြားရှုထောင့် တခုရှိတယ်။ အဲဒီ ရှုထောင့်ကတော့ မှန်စွာသိခြင်းနဲ့ မသိခြင်း (အမောဟနဲ့ မောဟ) ပဲ။ ကမ္ဘာလောကကို အကောင်းနဲ့ အဆိုးလို့ မြင်တာကိုပဲ မောဟ (delusion) လို့ ယူကြရမယ်လို့ ထင်ပါတယ်။

သမိုင်းမှာ မကောင်းတဲ့လူအစုတွေလို့ သတ်မှတ်ပြီး အဲဒီလူတွေကို ရှင်းပစ်ဖို့ လုပ်ခဲ့ကြတာတွေ အပုံအပင်ပဲ။

အဒေါ့ဖ်ဟစ်တလာဟာ အဆုံးသတ်ဖြေရှင်းခြင်း (final solution) ဆိုပြီး ဂျူးပြဿနာကို ကြိုးစားခဲ့တာပ။ ဒီကမ္ဘာကြီးကို သန့်ဖို့ အာရိယန်လူမျိုးတွေပဲ ကျန်ရမယ်။ ဂျူးတွေကို မျိုးဖြုတ်ပစ်မယ်။ တခြား ပိုးကောင်တွေ (ဂျစ်ပဆီတွေ၊ အခြောက်တွေ၊ စိတ်ရောဂါသည်တွေ) လည်း သတ်ပစ်ရမယ်။

စတာလင်လည်းပဲ ချမ်းသာတဲ့ ရုရှားလယ်သမားတွေကို သတ်ပစ်တာပ၊ သူလည်းပဲ သမဝါယမ လယ်လုပ်သားတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ စံလူ့အဖွဲ့အစည်း ထူထောင်ချင်လို့ပဲ။ မော်စီတုန်းလည်း ဒီအတိုင်းပ၊ မြေရှင်တွေကို ရှင်းပစ်တယ်။ ဘုရှ်နဲ့ ဘင်လာဒင်လိုပဲ မကောင်းတဲ့သူတွေနဲ့ ကင်းပတဲ့ ဆိုဖွယ်ရာမရှိတဲ့ ကမ္ဘာကြီး တည်ဆောက်ချင်လို့ပဲ။

သမိုင်းမှာ မကောင်းဆိုးဝါးတွေကို ရှင်းပစ်ဖို့ ကြိုးစားမှုတွေကိုယ်နှိုက်က၊ “မကောင်းခြင်းရဲ့ အကြောင်းရင်း” ဖြစ်ခဲ့ကြရတယ်။ အကောင်းနဲ့ မကောင်းဆိုးဝါးလို့ စဉ်းစားတဲ့ အစဉ်းစားမှား (မောဟ – delusive way of thinking) ကြောင့်ပဲလို့ ဗုဒ္ဓဝါဒရှုထောင့်က အဲသလိုပဲ တွေးမိပါတယ်။ ဗုဒ္ဓဝါဒမှာ ဘယ်အရာမဆိုဟာ အကြောင်းတွေ အခြေအနေတွေပေါ်မှာ မူတည်ပြီး ဖြစ်တယ်၊ ကောင်းခြင်းလည်း အဲသလိုပဲ။ မကောင်းခြင်းဟာလည်း အတူတူပဲ။ ဒါကြောင့် ဗုဒ္ဓဝါဒက မကောင်းခြင်းပေါ်မှာ အလွန်မူတည် မစဉ်းစားဘဲ မကောင်းခြင်း ဖြစ်ရတဲ့ အကြောင်းများ (အကုသလ မူလ) လောဘ ဒေါသ မောဟကို ပိုစဉ်းစားတယ်။

+++

ထင်။  ။ စစ်ဖြစ်ရင် အကြမ်းဖက်ရင် ပထမဆုံး ခံရတာကတော့ အမှန်တရားလို့ ဆိုတာပဲ။ မီဒီယာတွေကလည်း စစ်ပုံပြင်တွေကို ဘေးတီးပေးရတယ်။ “ကျွန်တော်တို့အနေနဲ့ ကိုယ့်တိုင်းပြည်က လွတ်လပ်ရေးအတွက်၊ လုံခြုံရေးအတွက် …”

အကြမ်းဖက်ကြတာကိုပဲ လူတစုက သဘောကျနေတာဟာ၊ အဲဒီ သဘောကြောင့်ပဲလား ခင်ဗျာ။ နေ့စဉ် ကြုံနေရတဲ့ ပြဿနာတွေကိုများ ကျော်ချင်လို့လား ခင်ဗျာ။ လူကောင်းတွေ (ဒိဋ္ဌိတွေ) ဟာ ညီညွတ်ရမယ်။ လူမကောင်းတွေ (မိစ္ဆာဒိဋ္ဌိ) ကို ဆန့်ကျင်ရမယ်ဆိုတဲ့ အယူအဆကြီးကြောင့်လား ခင်ဗျာ။ ဒါပေတဲ့ အဲသလို ဟောပြောခြင်း နောက်ကွယ်မှာ ကြောက်နေတာလည်း ပါမယ် ထင်တယ်။

အယ်ဒီတာ။  ။ လူ့ဘဝဟာ အဓိပ္ပာယ်ရှိသလိုလို ဖြစ်သွားတာပေါ့ဗျာ။

ထင်။  ။ ကျုပ် ဖတ်တဲ့ အရေးအသားတခု ရှိတယ်။

War is a force that gives us meaning.

စစ်ဟာ အဓိပ္ပာယ်ရှိမှုကို ပေးတာမို့လို့ပဲတဲ့။

အယ်ဒီတာ။   ။ အကျယ်ဟောလေဗျာ။

ထင်။  ။ အကြမ်းဖက်ခြင်းမှာ ဆွဲဆောင်တာရှိလို့ပဲ။ တကယ်တော့ ဘဝဆိုတာမှာ အသေးအဖွဲတွေကပဲ လွှမ်းမိုးနေတာ။ အဲ … စစ်တို့ အကြမ်းဖက်ခြင်းတို့နဲ့ကျကာမှ ကျုပ်တို့က မြင့်မြတ်တဲ့သူတွေ ဖြစ်သွားပါလေရောတဲ့။ လူတယောက်ဟာ လူများစွာကို သေအောင်သတ် ကိုယ့်အသက်လည်း သေချင်သေပစေတဲ့။ အဲဒါ ဘာကြောင့်လဲ။ ယုံကြည်ကိုးကွယ်မှုကပဲ အဲသလို ရက်စက်မှုကြီးကို ထောက်ခံအောင် လုပ်နိုင်တာပဲ။ ကျွန်တော်တို့အနေနဲ့ ယုံကြည်ကိုးကွယ်မှုကိုပဲ ပြန်ပြောင်းဆင်ခြင်ကြဖို့ လိုမယ် ထင်တယ်။

ရွှေပွဲလာပရိသတ်ကြီးခင်ဗျား …

အကြမ်းဖက်ခြင်းအကြောင်းကို စေ့ငုတဲ့ ဟန်နာအားရဲန့် (Hannah Arendt) ဆိုတာ ရှိတယ်။ သူ့အလိုကတော့ … “အကြမ်းဖက်တယ် ဆိုတာကတော့ အသုံးချတဲ့အရာပဲ။ အကြမ်းဖက်ပြီး လိုရာပန်းတိုင် ရောက်ရဲ့လား မရောက်ဘူးလား စဉ်းစားရမယ်။”

ကိုယ် လုပ်လိုက်တဲ့ အမှုကြောင့် ဘာရလဒ်တွေ ထွက်မယ်ဆိုတာ ကံသေကံမ မသိနိုင်တာက များတာမို့ အကြမ်းဖက်ခြင်းဆိုတာ ရေတိုရလဒ်အတွက်ပဲ စဉ်းစားပြီး လုပ်ရတာမျိုးပါ။

အကြမ်းဖက်ခြင်းမှာ ကျိုးကြောင်း ရှိချင်ရှိမယ်။ သို့သော် ဘာကြောင့်ပဲ လုပ်လုပ် အကြမ်းဖက်ခြင်းကြောင့်တော့ ဂုဏ်မတက်ဘူး။ သမိုင်းပဲ ဖြစ်စေ တော်လှန်ရေးပဲ ဖြစ်စေ အကြမ်းဖက်ခြင်းကြောင့်တော့ ဂုဏ်မတက်ဘူး။ ဒီအလုပ်က နာကြည်းနေတာတွေကို လူသိအောင် ဇာတ်ဆန်အောင် လုပ်နိုင်တာပဲ ရှိမယ်။

အလွန်အကျွံ မဖြစ်အောင် ဘောင်ထဲကနေပြီး ရေတို ခဏပန်း ရည်ရွယ်ချက်တွေအတွက် လုပ်တယ်ဆိုပေတဲ့ သဝေထိုးပြီး ကိုယ်ရည်ရွယ်ရာကို မရောက်တတ်တာက များတယ်။ (ရှေ့ဆုံးက ဖော်ပြတဲ့ ကဗျာလိုပဲ ဖြစ်တတ်တယ်။)

ကိုယ်လိုတာ မြန်မြန် မရလို့ကတော့ အကြမ်းဖက်ခြင်းက ရမယ့်ရလဒ်က အရှုံးပဲ။ အရှုံးတင်မကဘူး နိုင်ငံရေးနယ်ထဲကို အကြမ်းဖက်တဲ့ အလေ့အကျင့်ကြီး ရောက်သွားမှာပဲ။ ပြီးသွားတဲ့ အပြုအမူကို ပြန်လှန်လို့မှ မရတော့တာကိုး၊ ရှုံးသွားရင် အရင်အခြေအနေ ပြန်မရောက်နိုင်တော့ဘူး။

အားလုံးသော အပြုအမူတွေလိုပဲ၊ အကြမ်းဖက်ခြင်းနဲ့လည်း ကမ္ဘာကြီးက ပြောင်းပါတယ်။ ဒါပေတဲ့ ပိုကြမ်းတမ်းတဲ့ ကမ္ဘာကြီး ပိုအကြမ်းဖက်တဲ့ ကမ္ဘာကြီးအဖြစ် ပြောင်းမှာပေါ့။

ပရိသတ်ကြီး ခင်ဗျား …

ဆရာဇော်ဂျီကဗျာကို အသေအချာ ဆင်ခြင်တော်မူကြပါ။ မြန်မာတွေရဲ့ “စိတ်အစဉ်”တွေ ပြောင်းလဲပြီး ရိုင်းတဲ့ လူတွေ ဖြစ်မသွားဖို့ပါပဲ။ အကြမ်းမဖက်တဲ့နည်းလမ်း ရှာတော်မူကြဖို့ပါပဲ ခင်ဗျာ။ အကြမ်းဖက်ခြင်း မကောင်းပုံကတော့ ဟန်နာအားရဲန့် ဟောသလိုပါပဲ ခင်ဗျား။