ဘယ်သွားနေကြတာလဲ


ဆရာကိုတာ


ဇင်ပုံပြင်တစ်ပုဒ် ရှိတယ်။ မြင်းနဲ့ လူတစ်ယောက်၊ တခွပ်ခွပ်နဲ့ မြင်းက အမြန်ပြေးနေတယ်။ နောက်တစ်ယောက်က လမ်းဘေးက ရပ်ပြီး အော်တယ်။ ဘယ်သွားနေတာလဲ။ မြင်းပေါ်ကလူက ပြန်အော်တယ်။ “ငါမသိဘူး၊ မြင်းကိုသာ မေး”။ ကျွန်တော်တို့ အခြေအနေက အဲသည်အတိုင်းပ။

ကျွန်တော်တို့ မနိုင်တဲ့ မြင်းတွေ စီးနေကြသူတွေ။ ဥပမာ ပေးရရင် တောတွေ ပြုန်းတာက မြင်းတစ်ကောင်ပဲ။ ကြိုးစားကြတာပဲ၊ ဒီမြင်းတွေကို ကျွန်တော်တို့ မထိန်းနိုင်ဘူး။ ကုမ္ပဏီကြီးတွေက သဘာဝသယံဇာတတွေ ဘယ်လိုပဲဖြစ်ဖြစ် ထုတ်သုံးမယ်ဆိုတာလည်း မြင်းတစ်ကောင်ပဲ။ ကျွန်တော်တို့တတွေ အလွန် အလုပ်ရှုပ်ကြတယ်။

ဗုဒ္ဓဘာသာမှာ အရေးတကာ့အရးအကြီးဆုံး သွန်သင်ချက်က သိနေဖို့။ ဘာတွေ ဖြစ်ပျက်နေတာတုန်း သိနေဖို့။ ဘာတွေဖြစ်ပျက်နေတာတုန်း သိဖို့က ဒီမှာ ဖြစ်နေတာတင် မကဘူး၊ ဟိုမှာ ဖြစ်နေတာတွေလည်း သိရမယ်။ ဥပမာအားဖြင့် ကျုပ်က ထမင်းတစ်လုပ် စားတယ် ဆိုပါစို့။ ကျုပ်တို့ လယ်သမားတွေ စပါးစိုက်တာမှာ ဓာတ်မြေသြဇာတွေ အများကြီး သုံးနေတာကို သိနေတယ်။ ထမင်းတစ်လုပ် စားရင်း ကျုပ်ဟာ ကျုပ်နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းဟာ တနည်းတဖုံတော့ တာဝန်မကင်းဘူး။ ပြီးတော့လည်း နေ့တိုင်းနေ့တိုင်း ကလေး ၄၀၀၀၀ ငတ်ပြီး သေနေတယ်ဆိုတာကိုလည်း သိနေတယ်။ အမဲသား တကီလိုအတွက် အရက်တပုလင်းအတွက် သီးနှံအများကြီး ကျုပ်တို့ သုံးရတယ်။ ထမင်း တပန်းကန် စားတာက အမဲသားတပန်းကန် စားတာထက် ကမ္ဘာကြီးရဲ့ ဒုက္ခကို သက်သာစေမှာပ။ အနောက်နိုင်ငံတွေ သူတို့ရဲ့ အမဲသားစားတာ အရက်သောက်တာကို ငါးဆယ်ရာနှုန်းလျှော့ရင် ကမ္ဘာ့အခြေအနေ ပြောင်းလဲဖို့ လုံလောက်သတဲ့။ ငါးဆယ်ရာနှုန်းပဲ လျှော့ရမှာ။

နေ့တိုင်း ကျုပ်တို့ အရာဝတ္ထုတွေ လုပ်ကြတယ်။ ကျုပ်တို့ဟာ အရာဝတ္ထုတွေ ဖြစ်တယ်။ အားလုံးဟာ ငြိမ်းချမ်းရေးနဲ့ ဆိုင်တာချည်း။ ကျုပ်တို့ရဲ့ နေမှုထိုင်မှုကို သတိထားရင်၊ စားသုံးခြင်းပုံစံကို သတိထားရင်၊ ငြိမ်းချမ်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း ပစ္စုပ္ပန်တည့်တည့်မှာ သိလိမ့်မယ်။ တနင်္ဂနွေန့ထုတ်တဲ့ သတင်းစာတစ်စောင်ကို ကိုင်ကြည့်ရင်ပဲ သတင်းစာက သိပ်ထူတာကိုး။ အင်း … ဒီသတင်းစာထုတ်ဖို့ သစ်တောတတော ကုန်မှာပဲလို့ သတင်းစာကိုင်ရင်း သတိပြုမိမှာပဲ။ သတိရှိရင် ဖြစ်နေပျက်နေတာတွေကို လမ်းကြောင်းပြောင်းသွားဖို့ တစ်ခုခု လုပ်နိုင်ပါတယ်။

ကားမမောင်းခင် ရွတ်ရမယ့် ဂါထာတစ်ပုဒ် ရှိတယ်။

ကားကို စက်မနှိုးမီ
ကျုပ် ဘယ်ကိုသွားမယ် ကျုပ်သိတယ်။
ကားနဲ့ ကျုပ် တစ်သားတည်း။
ကားမြန်ရင် ကျုပ်လည်း မြန်တယ်။

တခါတရံ ကားသုံးစရာ မလိုပါဘူး။ ဒါပေတဲ့ ကျုပ်တို့ကိုယ်ကနေ ကျုပ်တို့ ထွက်ပြေးချင်တာနဲ့ ကားပေါ်တက်ပြီး စက်နှိုးတယ်။ အထက်ပါ ဂါထာကို ရွတ်ရင် “ကားကို စက်မနှိုးမီ ကျုပ် ဘယ်သွားမယ် ကျုပ်သိတယ်”၊ လျှပ်ပြက်သလို ကျုပ် ဘယ်ကိုမှ သွားစရာ မလိုဘူးဆိုတာ ကျုပ် မြင်ကောင်းမြင်နိုင်တယ်။ ဘယ်ကိုပဲ သွားပစေ ကျုပ်တို့ အတ္တကတော့ ကျုပ်တို့နဲ့ အတူရှိမှာပဲ။ ကိုယ်ကိုယ်တိုင်ကနေ မလွတ်ပါဘူး။ တခါတလေတော့ ကားစက်ပြန်ပိတ်ပြီး စင်္ကြံလျှောက် ကမ္မဋ္ဌာန်း အားထုတ်တာ ကောင်းမယ်။ အဲသလို လုပ်တာက ပိုပြီး စိတ်ချမ်းသာမှာပဲ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သစ်တော စတုရန်းမိုင် ၂ သန်းဟာ အက်ဆစ်မိုးကြောင့် ပျက်တယ်ဆိုပဲ။ ကျုပ်တို့ ကားတွေရဲ့ ပယောဂ ပါတာပေါ့။ “ကားကို စက်မနှိုးမီ ကျုပ် ဘယ်သွားမယ် ကျုပ်သိတယ်” ဆိုတာက အလွန်နက်တဲ့ မေးခွန်း။ ကျုပ် ဘယ်ကို သွားမှာလဲ။ ကျုပ်ရဲ့ ပျက်စီးရာပျက်စီးကြောင်းဆီ ကျုပ် သွားနေတာလား။ သစ်ပင်တွေ သေရင် လူတွေလည်း သေမှာပဲ။ သစ်ပင်တွေနဲ့ တိရစ္ဆာန်တွေ မရှိရင် ကျုပ်တို့ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ။

“ကားနဲ့ ကျုပ် တသားတည်း” ကျုပ်တို့ပဲ ဘော့စ်တွေ၊ ကားဆိုတာက ကိရိယာတစ်ခုပါလို့ ထင်ကြတာ။ ဒါပေတဲ့ အဲသလို အတွေးဟာ မမှန်ဘူး။ ကား ရှိတာနဲ့ပဲ ကျုပ်တို့ဟာ တစ်နည်းတဖုံအားဖြင့် အရင်ကနဲ့ မတူဘူး ဖြစ်သွားတယ် မဟုတ်လား။ သေနတ်တစ်လက်နဲ့ ကျုပ်တို့ဟာ အလွန် အန္တရာယ် ရှိသွားတယ်။ ပလွေတစ်စင်းနဲ့ ကျုပ်တို့ဟာ ပျော်စရာ ရွှင်စရာ ဖြစ်သွားတယ်။ အနုမြူဗုံးနဲ့ ကျရင်တော့ လူသားဟာ ကမ္ဘာပေါ်မှာ အန္တရာယ် အပေးဆုံး မျိုးစိတ် ဖြစ်သွားတာပဲ။ ယခုလောက် အန္တရာယ် ပေးတဲ့သူတွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ကျုပ်တို့ သတိထားသင့်တယ်။ အခြေခံအကျဆုံး အတွေးအခေါ်ကတော့ ကျုပ်တို့ ဘာလုပ်တယ် ကျုပ်တို့က ဘာပဲ ဆိုတာ မိနစ်နဲ့အမျှ သိနေသင့်တာ။ တခြား အတွေးအခေါ်တွေကတော့ သိနေခြင်းနောက်က လိုက်လာမှာပေါ့။